အွန်လိုင်းပေါ်ရှိ အခမဲ့ အဆင်မြင့် ပညာရေး
- 16 July, 2011 -
- ဘယ်လို, အထူး -
- Tags : Education, Knowledge, Tips, ပညာရေး, လူငယ်, အွန်လိုင်း
- 0 Comments
“ပညာရေးသာ နိုင်ငံများအတွက် အဖိုးနည်းဝန်ပါ ကာကွယ်ရေး မဟာဗျူဟာ” ဆိုတဲ့ စကားတစ်ခွန်းကို တစ်လောက ဆရာ အတ္တကျော်ရဲ့ ဖေ့စ်ဘွခ် စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။ အင်မတန် ရိုးရှင်း မှန်ကန်တဲ့ အဆိုအမိန့် တစ်ခုဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ ပညာနဲ့ ပတ်သက်လို့ အရင့်အရင် ကတည်းကလည်း မြန်မာစကားမှာ ဆိုရိုးတွေ၊ စကားပုံတွေ များစွာ ရှိခဲ့ပြီး၊ အားလုံးလည်း သိခဲ့ကြပြီးသားပါ။ “ပညာရွှေအိုး လူမခိုး”၊ “ပညာလို အိုသည်မရှိ”၊ “ပညာရှာ ပမာ သူဖုန်းစား”၊ “ပညာရဲရင့် ပွဲလယ်တင့်”၊ “ဉီးကျည်ပွေ့ အတက်ပေါက်” စသဖြင့် ပညာကို ဘယ်လို တန်ဖိုးထားရမယ်၊ ပညာကို ဘယ်လို ရှာရမယ်၊ ပညာကြောင့် ဘယ်လို အကျိုးကျေးဇူး ဖြစ်ထွန်းတယ် စတဲ့ ပညာနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ ဆိုရိုးစကားတွေကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက အရိုးထဲ၊ အသဲထဲမှာ စွဲမြဲခဲ့ကြပြီးသား ဖြစ်ပါတယ်။
ဒီနေ့ခေတ် ဒီနေ့ အခါမှာတော့ ပညာတတ်သူနဲ့ ပညာမတတ်သူတွေရဲ့ ကွာခြားမှုဟာ မိုးနဲ့ မြေအဆင့်တင် မက ပညာတတ်သူတွေက အင်္ဂါဂြိုလ်ပေါ် ရောက်နေချိန် ပညာ မတတ်သူတွေကတော့ ငရဲကို ဒလိမ့်ခေါက်ခွေး ပြုတ်ကျနေသလို ဖြစ်နေပြီ ဆိုတာ အထူးတလည် ဖွဲ့နွဲ့ပြနေစရာ မလိုလောက်အောင် ရှင်းရှင်းလင်းလင်း မြင်နေကြရပါတယ်။တစ်ဖက်ကလည်း ဒီနေ့ ခေတ်ရဲ့ လူနေမှု စားရိတ်တွေ ကြီးမြင့်လာတာ၊ လူတွေရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ များလာတာနဲ့ အတူ “ပညာရွှေအိုး လူမခိုး” ဆိုပေမယ့် “ရွှေအိုးပါမှ ပညာရ သဗျ” လို့ ဆိုလာကြသူတွေ၊ ပညာသင်ဖို့ အတွက် “ငွေကို ထွေခင်း” မှ ရကြောင်း ပြောလာကြသူတွေ ကလည်း မနည်းလှပါဘူး။
အဲဒီလို အကျပ်အတည်း အထွေထွေနဲ့ ပညာခေတ်ကြီးကို လက်ရှိမှာ ရောက်နေတဲ့ ကျွန်တော်တို့ မျိုးဆက်တွေအတွက် ရွှေအိုးမပါလည်း ဒီနေ့ခေတ်ရဲ့ အဆင်မြင့် ပညာတွေ ရနိုင်တဲ့ နည်းလမ်းတွေ၊ နေရာတွေကို တစ်ချက်လောက် လက်တို့ချင်ပါတယ်။ လက်ချည်းဗလာ၊ ဘာမှ မပါဘဲ အဆင်မြင့် ပညာတွေ ရမယ် ဆိုတော့ ဖြစ်နိုင်ပါ့မလား ကိုယ့်လူလို့ မေးစရာ ရှိပါတယ်။ အခု ကျွန်တော်ပြောမယ့် နေရာတွေက ခင်ဗျားတို့ကို ဘွဲ့လက်မှတ်တွေ၊ ဆာတီဖီကိတ် တွေ အထိတော့ ပေးချင်မှ ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားတို့ ဘွဲ့လက်မှတ်တွေ၊ ဒီဂရီတွေ၊ ဆာတီဖီကိတ်တွေ ယူဖို့ လုပ်နေတဲ့ နေရာတွေက မပေးနိုင်တဲ့ ပညာရေးမျိုး၊ ခင်ဗျားတို့ကို ပညာရပ်တစ်ခုနဲ့ ပတ်သက်လို့ တစ်ကယ် အဆင့်မြင့်မြင့် တတ်ကျွမ်း နားလည်တဲ့ သူတစ်ယောက် ဖြစ်လာအောင် ပြုလုပ်ပေးနိုင်တဲ့ ပညာရေးမျိုးကို တော့ အသေအချာ ပေးနိုင်လိမ့်မယ် ဆိုတာကိုတော့ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်။
ကဗျာ ရွတ်မလား၊ သင်္ချာ တွက်မလား။ သမိုင်း ဖတ်မလား၊ ဒီဇိုင်းတွေပဲ စပ်ဉီးမလား။ ပရိုဂရမ် ရေးမလား၊ ဖီလိုဆိုဖီတွေ တွေးမလား။ အွန်လိုင်းပေါ်မှာ တစ်ကယ် ပြီးပြည့်စုံတဲ့ သင်ခန်းစာတွေ ကို နိုင်ငံတကာက ထိပ်တန်း တက္ကသိုလ်ကြီးတွေကနေ အခမဲ့ သင်ခန်းစာ (Open Course Ware) တွေ အနေနဲ့ “က” အစ “အ” အဆုံး မူလတန်းကနေ အဆင့်မြင့်ပညာတွေ အထိ ဖြန့်ဝေပေးနေတဲ့ ဝဘ်ဆိုဒ်တွေ ရှိပါတယ်။ MIT မှာတက်မလား? Oxford မှာတက်မလား? Harvard မှာတက်မလား? Stanford မှာတက်မလား? ဒါမမဟုတ် အဲဒီ တက္ကသိုလ် အားလုံးကို တစ်ပြိုင်နက် တက်မလား။ အဲဒီအတွက် ဝင်ခွင့်တွေ မလိုဘူး၊ စာမေးပွဲတွေ မရှိဘူး။ ကျောင်းဝင်ကြေး မလိုဘူး၊ အချိန်ဇယား မရှိဘူး။ စာအုပ်ဝယ်စရာ မလိုဘူး၊ ကျောင်းခေါ်ချိန် မရှိဘူး။ ခင်ဗျား တက်ချင်တဲ့ လက်ချာချိန် လာတက်ပြီး ခင်ဗျား ဖျက်ချင်တဲ့ လက်ချာချိန်ကို ဖျက်လိုက်ရုံပဲ။ ခင်ဗျားမှာ လိုအပ်တာ ၂ ခုထဲပဲရှိပါတယ်။ နံပါတ် (၁) က ပညာရပ် တစ်ခုခုကို တစ်ကယ် လိုချင် တတ်မြောက်လိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ၊ နံပါတ် (၂) အင်တာနက်။ အဲဒီ ၂ ခု ပြည့်စုံပြီ ဆိုတာနဲ့ ခင်ဗျား တက်လိုတဲ့ တက္ကသိုလ်ကို စိတ်ကြိုက်ရွေးချယ်ရုံပါပဲ။
ဒီအောက်မှာ ဖော်ပြထားတာတွေကတော့ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ် ကြီးတွေ အပါအဝင် OCW (Open Course Ware) တွေကို အခြေခံကနေ အဆင့်မြင့် ပညာတွေအထိ အနုပညာ၊ စာပေ၊ အတွေးအခေါ်၊ သမိုင်း၊ ပထဝီ၊ စီးပွားရေး၊ လူမှုရေး၊ ဆေးပညာ၊ စိတ်ပညာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ မက္ကင်းနစ်၊ အီလက်ထရောနစ်၊ နာနို၊ သတင်းနှင့် နည်းပညာ၊ ကွန်ပြူတာ၊ အင်ဂျင်နီယာ၊ နက္ခတ္တ ဗေဒ၊ လေကြောင်းနှင့် အာကာသဆိုင်ရာ စတဲ့ နယ်ပယ် အသီးသီးအတွက် အခမဲ့ သင်ခန်းစာတွေ ပို့ချပေးနေတဲ့ ထိပ်တန်း ဝဘ်ဆိုဒ် ၆-ခု ပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝဘ်ဆိုဒ် အသီးသီးမှာ ပညာရပ် ဆိုင်ရာ သင်ခန်းစာတွေကို ကဏ္ဍအလိုက် သီးသန့်စီ ခွဲခြားထားပြီး မိမိလိုအပ်တဲ့ သင်ခန်းစာတွေကို ရွေးချယ် ဖတ်ရှု လေ့လာ ပညာရှာနိုင်ကြပါတယ်။
1. MIT OCW (Massachusetts Institute Of Technology Open Course Ware)
မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် ရဲ့ တည်ထောင်တာ ၁၀-နှစ်ပြည့်ပြီး ဖြစ်တဲ့ အခမဲ့ တက္ကသိုလ် အဆင့် သင်ခန်းစာများ(Open Course Ware) ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ အဓိက အားဖြင့်တော့ အင်ဂျင်နီယာနှင့် လေကြောင်းအာကာသ ဆိုင်ရာ (Aerospace) ဆိုင်ရာ သင်ခန်းစာများအတွက် ထင်ရှားပါတယ်။ Undergraduate ကနေ အဆင့်မြင့် လယ်ဗယ်အထိ သင်ခန်းစာတွေကို အဓိက ဌာနကြီး ၈- ခု၊ ဌာန ခွဲငယ်ပေါင်း ၄၀ ကျော်ကနေ သင်ခန်းစာမှတ်စုတွေ၊ ကျူတိုရီရယ်တွေ၊ ဗီဒီယို လက်ချာတွေ၊ နမူနာ ပရောဂျက်တွေ နှင့်တကွ လေ့လာ သင်ယူနိုင်ကြပါတယ်။
2. Open Yale Courses (Open Cours Ware Project by Yale University)
OYC Website ကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ယေးလ် တက္ကသိုလ်က စတင် လွှင့်တင်ခဲ့ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ဆေးပညာ၊ သမိုင်း၊ နိုင်ငံရေး၊ ဘာသစကား၊ ဉပဒေ ဆိုင်ရာ အစရှိတဲ့ ဌာနကြီး ၂၀ ခု ကနေ အခမဲ့ သင်ခန်းစာတွေ ကို ဗီဒီယို လက်ချာတွေနဲ့ တကွ လေ့လာနိုင်ပါတယ်။
3. iTunes U (iTune Universities by Apple.Inc)
ကမ္ဘာ့ တက္ကသိုလ်ကြီးတွေ အကုန်လုံးနီးပါးကို ပန်းသီးက ပရိုဂရမ်တစ်ပုဒ်ထဲ ထည့်ထားခဲ့တာ ကြာပါပြီ။ အဲဒီ ပရိုဂရမ်ကို တနည်းအားဖြင့် ပန်းသီးရဲ့ ကမ္ဘာ့ ပညာဘဏ်တိုက်ကြီးလို့တောင် ပြောလို့ ရပါတယ်။ သူကတော့ ပန်းသီးရဲ့ iTunes U ပါပဲ။ iTunes ကို အတော်များများ သိကြမယ် ထင်ပါတယ်။ အိုင်ပေါ့ဒ်တွေ၊ အိုင်ပဒ်တွေ၊ အိုင်ဖုန်းတွေမှာ သီချင်းတွေ ဒေါင်းလုဒ်ဆွဲဖို့၊ ဆော့ဖ်ဝဲရ်တွေ ဝယ်ဖို့၊ ရုပ်ရှင်တွေ ကြည့်ဖို့ စသဖြင့် အများစု အသုံးပြုကြပါတယ်။အတော်များများ မသိကြတဲ့ အချက်ကတော့ iTunes ထဲက iTunes U လို ပညာရွှေအိုးကြီး ကို အိုင်ပဒ်၊ အိုင်ဖုန်း၊ အိုင်ပေါ့ဒ် တို့မှာတင်မက ဝင်းဒိုးစ် ပီစီတွေမှာပါ iTunes Software ကို သွင်းပြီး အသုံးပြုလို့ရတယ် ဆိုတာပါပဲ။ iTunes Software ထဲက iTunes U ထဲမှာ လေ့လာလို့ မကုန်ခန်းနိုင်တဲ့ ပညာရပ် အသီးသီးဆိုင်ရာ ဗီဒီယို၊ အော်ဒီယို သင်ခန်းစာတွေ၊ သင်ခန်းစာ မှတ်စုတွေ၊ စာအုပ်တွေ၊ ပေါ့ဒ်ကစ် တွေကို အလွယ်တစ်ကူ ဖမ်းယူ နားဆင်ကြည့်ရှု၊ ဒေါင်းလုဒ်ဆွဲချပြီး အေးအေးလူလူ ပညာရှာနိုင်ကြောင်းပါ။ iTunes Software ကိုတော့ ပန်းသီး ဝဘ်ဆိုဒ်ကနေပဲ အလွယ်တကူ ဒေါင်းလုဒ် ဆွဲချနိုင်ကြောင်းပါ။
4. KHAN ACADEMY
၂၀၀၄ ခုနှစ် နှောင်းပိုင်းမှာ ဝမ်းကွဲညီမ တစ်ဉီးကို ယူကျုဘ်က တဆင့် သင်္ချာပုစ္ဆာတွေ ရှင်းပြရာက အစပြုခဲ့တဲ့ မက်ဆာချူးဆက်စ် နည်းပညာတက္ကသိုလ် (MIT) ကျောင်းထွက်၊ သင်္ချာနှင့် အီလက်ထရောနစ်ဆိုင်ရာ ဘွဲ့ ၃-ခု ရရှိထားသူ Salman Khan ရဲ့ဗီဒီယို ကျူတိုရီရယ် သင်ခန်းစာတွေဟာ သူ့ညီမရဲ့ အပေါင်းအသင်းတွေ၊ ကမ္ဘာအရပ်ရပ်က ကြည့်ရှုအားပေးသူတွေရဲ့ တောင်းဆိုမှု၊ အားပေးမှုတွေက တဆင့် ၂၀၀၆- ခုနှစ် အရောက်မှာတော့ Khan Academy ဆိုပြီး ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီနေ့ “ခန်း အကယ်ဒမီ” မှာတော့ သင်္ချာ၊ ရူပဗေဒ၊ ဓာတု၊ ဇီဝ၊ နက္ခတ္တနှင့် ကွန်ပြူတာ၊ သမိုင်း၊ စီးပွားရေး အစရှိတဲ့ ဘာသာရပ်တွေအတွက် အခမဲ့ ဗီဒီယို သင်ခန်းစာပေါင်း ၂၄၂၀-ကျော်ရှိနေပြီ ဖြစ်ပြီး၊ သူရဲ့ ပရိတ်သတ်တွေ ထဲမှာ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ် အပါအဝင် ကမ္ဘာအရပ်ရပ်မှ ပရိတ်သတ်များပါဝင်ကာ အဆိုပါ ဗီဒီယို သင်ခန်းစာများကို ကြည့်ရှုသည့် အကြိမ်ပေါင်း ၆၄-သန်းကျော်ဖြင့် အကြီးအကျယ် အောင်မြင်ကျော်ကြားလျက် ရှိနေပြီ ဖြစ်ပါတယ်။ “ခန်းအကယ်ဒမီ”ရဲ့ ဆောင်ပုဒ်ကတော့ “လူတိုင်းအတွက် နေရာတိုင်းအတွက်၊ အဆင့်မြင့် ပညာရေး အခမဲ့ ပံ့ပိုးပေး” ပါတဲ့ဗျာ။
5. Open Culture
စတန်းဖို့ဒ် တက္ကသိုလ်က ပညာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဆိုင်ရာ ဒါရိုက်တာ တစ်ဉီး ဖြစ်သူ Dan Colman ၂၀၀၆-ခုနှစ်မှာ စတင်တည်ထောင်တဲ့ Open Culture Website မှာတော့ Free audio books, free online courses, free movies, free language lessons, free ebooks အစရှိတဲ့ ပညာရေး ဆိုင်ရာ အခမဲ့ သင်ခန်းစာတွေ ကို မိမိတို့ စိတ်ကြိုက် လေ့လာ သင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီ အခမဲ့ ပညာရေး ဝဘ်ဆိုဒ်မှာပဲ အင်တာနက်ပေါ်မှာ ရှိတဲ့ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် အသီးသီးက ဘာသာရပ် အသီးသီးအတွက် အခမဲ့ သင်ခန်းစာတွေ၊ ပညာရေး အစီအစဉ်တွေ ပေးနေတဲ့ Open Course Ware ဝဘ်ဆိုဒ်ပေါင်း ၃ဂ၅-ခုကို လွယ်လင့်တကူ ရှာဖွေ ကြည့်ရှုနိုင်အောင် ဒီနေရာမှာ တစ်စုတစ်စည်းတည်း စုစည်း၊ မှတ်သား ပေးထားတာ ကိုလည်း တွေ့မြင် ကြရ ဉီးမှာပါ။
6. OCW Consortium (Open Course Ware Consortium)
ဒီနေရာမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးက နာမည်ကျော် တက္ကသိုလ် အသီးသီးရဲ့ Open Course Ware သင်ခန်းစာတွေကို မိမိတို့ ဆိုင်ရာ ဘာသာစကား အသီးသီးနဲ့ ဖြစ်စေ အင်္ဂလိပ် ဘာသာနဲ့ ဖြစ်စေ လေ့လာသင်ကြားလို့ ရအောင် တစ်နေရာတည်းမှာ စုစည်းပေးထားတာကို တွေ့ကြရမှာပါ။ ဒီနေရာမှာ အရှေ့၊ အနောက် နိုင်ငံပေါင်းစုံက တက္ကသိုလ်ကြီးတွေ ပေါင်းစုံ ရှိတဲ့ အတွက် နိုင်ငံအသီသီးရဲ့ ပညာရပ် ဆိုင်ရာကို ဖြစ်စေ၊ စာပေ အနုပညာဆိုင်ရာတွေကို ဖြစ်စေ၊ ဘာသာစကားဆိုင်ရာတွေကို ဖြစ်စေ မိမိတို့ စိတ်တိုင်းကျ၊ စိတ်ဝင်စားမှု နယ်ပယ်အလိုက် လက်ချာ မှတ်စုများနှင့် တကွ လေ့လာ ဖတ်ရှုမှတ်သားရင်း လွတ်လွတ်လပ်လပ် ပညာရှာနိုင်ကြပါ လိမ့်မယ်။
နောက်ဆုံး တစ်ခုအနေနဲ့ ညွှန်းချင်တဲ့ နေရာကတော့ ဒီ ဘောနပ်စ် လင့်ခ်လေးပါပဲ။ 101 Killer Open Courseware Projects from Around the World လို့ အမည်ရပါတယ်။ အင်တာနက်ပေါ်က အဖိုးတန် အခမဲ့ ပညာရေး ဆိုင်ရာ ဝဘ်ဆိုဒ်ပေါင်း ၁၀၁ ခုကို စုစည်းပေးထားပါတယ်။
မြန်မာလူငယ်များ ပညာရဲရင့်ပြီး ရောက်ရာအရပ်တိုင်းမှာ ပွဲလယ်တင့်နိုင်ကြပါစေလို့ အလေးအနက် ဆန္ဒပြုပါတယ်။
ဆက်စပ် အကြောင်းအရာမရှိပါ!
Facebook Comments:






