ပိုလျှံနေသော ဝါကျများ
(၂၀ဝ၅-၃-၂၁) နေ့တွင် ကျင်းပသော ကမ္ဘာ့ကဗျာနေ့ မှ ဆရာ သစ္စာနီ၏ ”ခေတ်ပြိုင်မြန်မာ(၂၀ဝ၄) ခေတ်ပေါ်ကဗျာဆု” ရ ကဗျာ
(၁)
ငါးဟာ….
ရေကိုမသိသလို
လူတွေဟာ….
မသိတာကလွဲလို့
အားလုံးသိခဲ့ကြတယ်။
(၂)
ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်ကအစ
တစ်ခါသုံးဘောပင်အထိ
ကျွန်တော်တို့….
ဖန်ဆင်းခဲ့ကြ။
ဘာသာစကားကနေ
ဆင်ဖိုနီဓာတ်ပြားအထိ
အင်တာနက်ကနေ
ထရိုဂျင်းနစ် မြင်းရုပ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
စည်သွပ်ဘူးကနေ
ဆိုကရေတီး အဆိပ်ခွက်အထိ
အိတ်ချ်အိုင်ဗွီပိုးကနေ
အင်္ဂါဂြိုဟ်သွားယာဉ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
ပိရမစ်ကနေ
စက္ကူနဲ့လုပ်တဲ့ ပန်းအထိ
ဆံပင်ဆိုးဆေးကနေ
အာဏာရှင်စနစ်အထိ
လူကနေ…
လူပုံတူမျိုးပွားအထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
(၃)
ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်ကဆင်းပြီး
အချင်းချင်းလက်ဆွဲနှုတ်ဆက်
ဟဲလို၊ဟိုင်း၊ဟေး
ယဉ်ကျေးခဲ့ကြပါတယ်။
လေးနဲ့မြားကို တင်တတ်အောင်
ကောက်တဲ့အခွန် ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေဝင်ရင် မီးဖွင့်တတ်အောင်
တိုက်ပုံအင်္ကျီ ဝတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ ရေချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံးသုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယား ဗုံးလုပ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
လပေါ်လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေး ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
(၄)
ဒီလိုနဲ့…
ကျွန်တော်တို့
စားဖို့အတွက်
ပန်းကန်နဲ့ ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများအသက်နဲ့။
သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။
နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။
ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ ပန်းချီပြတိုက်နဲ့
တတ်ယောင်ကား မျက်စိနဲ့။
နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ ဓာတ်ပြားနဲ့
နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။
ရှူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။
စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ဝါဒနဲ့။
စစ်တိုက်ဖို့ အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက်ဝါဒနဲ့။
အပျင်းဖြေဖို့အတွက်
စီးကရက်နဲ့ အလေလိုက်စရာနဲ့
အမဲပစ် ရိုင်ဖယ်နဲ့။
ငါမှန်ကြောင်း၊ သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံး လေတစ်လုံးဘဝင်နဲ့။
ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။
သေဆုံးဖို့အတွက်
သံသရာ သင်္ချိုင်းနဲ့
(သေပြီးမှ)….
သတိရကြမယ့် လူတွေနဲ့။
(၅)
ကျွန်တော်တို့မှာ
ဂေါတမဗုဒ္ဓရှိတယ်
နစ်ရှေးရှိတယ်။
မဟတ္ထမဂန္ဒီရှိတယ်
စတာလင်ရှိတယ်။
မိုးဇက်ရှိတယ်
ဗာဂျီးနီးယားဝုဖ်ရှိတယ်။
သောမတ်အယ်ဒီဆင်ရှိတယ်
ဂျက်ဆင်ပိုးလော့ရှိတယ်။
အက်တလတ်ရှိတယ်
ပီတာဝိုင်ယာရှိတယ်။
ဆစ်မဂန်ဖရွိုက်ရှိတယ်
ကိတ်ဝင်းဆလက်ရှိတယ်။
ဖူကူမားယားရှိတယ်
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်း ရှိတယ်
အိုစမာဘင်လာဒင်ရှိတယ်။
ကျွန်တော်တို့မှာ
တိရိစ္ဆာန်ရုံရှိတယ်
ဘေးမဲ့တောရှိတယ်။
ဂေါက်ကွင်းရှိတယ်
အကျဉ်းထောင်ရှိတယ်။
စိပ်ပုတီးရှိတယ်
ဆန့်ကျင်ဘက်လိင်ရှိတယ်။
စီးနေတဲ့မြစ်တွေရှိတယ်
ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။
ဝိုင်အိုလက်ပေါင်ဒါရှိတယ်
အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။
သစ်ခွပန်းရောင်စုံရှိတယ်
အသားကြိတ်တဲ့စက်ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်
လကွယ်ညရှိတယ်။
ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်
ချွေးနံ့ပျောက်ဆေးရှိတယ်။
(၆)
ဒီလိုနဲ့
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။
ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံဝါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓာတ်လှေကား အလုအယက်ဆင်းလို့။
ပိုတမ်ကင်သင်္ဘောက အမြောက်သံကို
စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကို
မပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ်နဲ့တော်သလို အင်္ကျီချုပ်ဝတ်လို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေညာလို့
စစ်ပြေငြိမ်းလို့
သစ်ပင်တွေကိုခုတ်လို့
သစ်ပင်တွေကိုစိုက်လို့
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့
ရေကိုစုန်လို့
ရေကိုဆန်လို့
တစ်ဝက်ကိုစားလို့
တစ်ဝက်ကိုထွေးလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေမျှားလို့
ငါးတွေလွှတ်လို့၊
မှားတာတွေမှန်လို့
မှန်တာတွေမှားလို့
သေရမှာကြောက်လို့
သေရမှာမကြောက်လို့။
(၇)
သမိုင်းနိဂုံးချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာငွေကိုခေါ်တယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်
စိတ်မလုံရင် တိတ္ထုံကိုကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေးကျတယ်။
(၈)
သင်..
နေထိုင်ဖို့ရာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွှင် နေထိုင်ဖို့ရာ
ဘာမှ
မလိုပါ။
ဥပမာ
ဒီဝါကျတွေက အစ မလိုသလိုပေါ့။
သစ္စာနီ
(ဟန်သစ်မဂ္ဂဇင်း၊၂၀ဝ၄၊ နိုဝင်ဘာ)
Source: ခေတ်ကျန်ကဗျာများ
ဆက်စပ် အကြောင်းအရာများ -
Facebook Comments:
