Add Me!Close Menu Navigation

အတွေး၊ အမြင်၊ ခံစားမှု နှင့် မှတ်တမ်းများ

Add Me!Open Categories Menu

သော့

အမှန်တရားကို ဖွင့်မယ့် သော့
အကြံအမှားတွေ ဖွင့်မယ့် သော့

ခံစားချက်တွေ ဖွင့်မယ့် သော့
ကံတရားရဲ့ သက်သေကို ဖွင့်မယ့် သော့

နှလုံးသားကို ဖွင့်မယ့် သော့
ဆုံးမတရားတွေ ဖွင့်မယ့် သော့

ဖုံးထားတာတွေ ဖွင့်မယ့် သော့
ဘုံးထားသမျှတွေ ဖွင့်မယ့် သော့

အဲဒီလိုနဲ့
သော့တစ်ချောင်း ကိုင်ထားတဲ့
ဂျူလီယန် အက်ဆန်းချ် ဆီကနေ
ဝီကီလိခ်မှာ မပါသေးတဲ့
ဖြောင့်ချက် တစ်ချို့ ကျုပ် ရလာခဲ့တယ်

ကမ္ဘာကြီးဟာ ငတ်မွတ်နေတယ်တဲ့
အစာရေစာတွေလား ဆိုတော့
မဟုတ်ဘူး
“သော့တွေ” တဲ့

သော့ ကို
“ဖွင့်”ဖို့ အတွက်ပဲ သုံးကြရင် ကောင်းမယ်ဗျာတဲ့
ညည်းညည်းညူညူနဲ့ သူက ဆက်ပြောတယ်
“ခတ်” ဖို့အတွက်ပဲ သုံးနေကြသူ များပုံပါပဲ

ဝတ်လစ်စလစ် ဖြစ်နေတဲ့
ကုလသမဂ္ဂ ဌာနချုပ်ထဲ ခင်ဗျားရောက်ဖူးလား?
အဲဒီမှာ သော့ တွေ အစား
ဖိနပ်တွေပဲ ရှိတယ်တဲ့
ကံကောင်းရင်
ကိုယ့်လူတောင် ဖိနပ်တစ်ရံလောက်
အချောင်ရနိုင်သေး ဆိုပဲ

အထီးကျန်နေတဲ့
နိုင်ငံတကာ အာကာသစခန်းကို ဖွင့်ဖို့အတွက်
“အတ္တလန်တစ်” အမည်ရတဲ့ သော့တစ်ချောင်း
မနေ့တနေ့ကပဲ အာကာသထဲ ပျံတက်သွားတယ်
သူ့အတွက် ကုန်ကျစားရိတ်က
၂၀၉ ဘီလီယံ ဒေါ်လာ တဲ့

အဲဒီသော့မျိုးတော့ ကျုပ်မလိုချင်ဘူးဗျာ
အဲဒီအစား
အာဖရိက ဉီးချိုပေါ်က
ဗိုက်ဟောင်းလောင်းနဲ့ ကလေးတစ်ယောက်အတွက်ပဲ
၂၀၉ ဒေါ်လာတန် သော့တစ်ချောင်း ပေးလိုက်ချင်တယ်

သော့တွေ? သော့တွေ? သော့တွေ?
သော့တွေ အစား ကျည်ဆံတွေ ဘာလို့ လုပ်နေကြလဲ
သော့တွေ အစား ဗုံးတွေ ဘာလို့လုပ်နေကြလဲ
သော့တွေ အစား ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဘာလို့လုပ်နေကြလဲ
သော့တွေ အစား ညစ်ညမ်းမှုတွေ ဘာလို့လုပ်နေကြလဲ
သော့တွေ အစား ရက်စက်မှုတွေ ဘာလို့ လုပ်နေကြလဲ
သော့တွေ အစား မိုက်မဲမှုတွေ ဘာလို့ လုပ်နေကြလဲ
သော့တွေ အစား လှည့်ဖျားမှုတွေ ဘာလို့ လုပ်နေကြလဲ
“သော့တွေ” အစား “သော့တွေ”ပဲ လုပ်ကြရင် ကောင်းမယ်ဗျာ
“ဖွင့်ရန် သီးသန့်သာ” ဆိုတဲ့ စာတန်းလေးတော့ ပါပါစေပေါ့

စကားမစပ်
မြန်မာပြည်က ရန်ကုန်မြို့ထဲ
သွားရင်းလာရင်း
သော့ပျောက်ဖူးသူ နှစ်ယောက်ရှိသလဲ?

မော်စကိုမှာ
သော့ပျောက်ဖူးသူ ဘယ်နှစ်ယောက်ရှိလဲ?
မန္တလေးမှာ
သော့ပျောက်ဖူးသူ ဘယ်နှစ်ယောက်ရှိလဲ?
နယူးယောက်ခ်မှာ
သော့ပျောက်ဖူးသူ ဘယ်နှစ်ယောက်ရှိလဲ?
နေပြည်တော်မှာ
သော့ပျောက်ဖူးသူ ဘယ်နှစ်ယောက်ရှိလဲ?
ဘန်ကောက်မှာ
သော့ပျောက်ဖူးသူ ဘယ်နှစ်ယောက်ရှိလဲ?
ဘုတလင်မှာ
သော့ပျောက်ဖူးသူ ဘယ်နှစ်ယောက်ရှိလဲ?

အမှန်တော့ “သော့” ဆိုတာ
ကွဲပြားခြင်းမရှိတဲ့ ကာလာ
ဘာသာတရားမရှိတဲ့ ဘာသာThe Art of Keys
အတ္တ ကမ္ဘာရဲ့ အနတ္တ ကဗျာ
ဆိတ်ငြိမ်ခြင်းရဲ့ မိဘမဲ့ကလေး
အဆုံးမဲ့ အမှန်တရားရဲ့ အစပြုရာ
ချေဂွေဗားရားရဲ့ မသေဆုံးနိုင်တဲ့ ဝိညာဉ်
မာသာထရီဇာရဲ့ ဘယ်တော့မှ မခြောက်တဲ့ လက်နှစ်ဖက်
မဟတ္တမ ဂန္ဒီကြီး ချက်ခဲ့တဲ့ ပင်လယ်ကမ်းခြေက ဆား
အဲဒီမှာ
တစ်ချိန်မဟုတ် တစ်ချိန် ရင်ထဲ
“စစ်” ကနဲ “မျက်” ကနဲ ခံစားဖူးရင်
အဲဒါ ခင်ဗျားလည်း
တစ်နေရာမဟုတ် တစ်နေရာမှာ “သော့”ပျောက်ဖူးတာ သေချာလို့ပေါ့ဗျာ။

ဆက်စပ် အကြောင်းအရာများ -

  1. အခုလောလောဆယ်
  2. တွက်ကွက်
  3. “ကဗျာ” ရေးတဲ့ “ကဗျာ”
  4. မိုက်မဲတဲ့ကောင်းကင်၊ အသုံးမကျတဲ့မိုး
  5. အပင်စိုက်ခြင်း
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Posted By Mhaw Sayar

Facebook Comments:

Leave a Reply




စာဖတ်သူ မိတ်ဆွေများ