Add Me!Close Menu Navigation

အတွေး၊ အမြင်၊ ခံစားမှု နှင့် မှတ်တမ်းများ

Add Me!Open Categories Menu

တင်စီးလှသော မြန်မာစကားများ

Tea Culture in Myanmar  (Photo Credit: infoline.blogatize.net/wonder-on-a-glass-of-green-tea/)မနေ့က ညီတစ်ယောက်နှင့် မရည်ရွယ်ဘဲ စကားစမြည် ပြောဖြစ်သည်။ သူက ပေါင်းသင်း ဆက်ဆံရေး လည်းကောင်း၊ လူဝင်လည်း ဆန့်လှသဖြင့် သူ့တွင် လူမျိုးပေါင်းစုံမှ အပေါင်းအသင်းများလည်း စုံလှသည်။ အထူးသဖြင့်တော့ သူ့ မိတ်ဆွေတွေက ဉရောပသားတွေ ဖြစ်ကြသည်။ မနေ့ကတော့ သူ့ အနှီ အပေါင်းအသင်းများ ထဲမှ တစ်ယောက်နှင့် မြို့ထဲတွင် ဆုံလာသည့် အကြောင်းနှင့် သူ့အား ထိုမိတ်ဆွေမှ ညနေစာဖြင့် တစ်နေရာရာတွင် ကျွေးမွေး ဧည့်ခံလိုကြောင်း ပြောသည်ကို သူက ငြင်းပယ်လာသည့် အကြောင်း၊ သူငြင်းသည်ကို တစ်ဖက်က သူ့ မိတ်ဆွေကလည်း ထပ်အတွန့်မတက် အသာတကြည်ပင် လက်သင့်ခံကြောင်း စသည်တို့ကို ကျွန်တော့်အား ပြောပြခြင်း ဖြစ်သည်။

သူပြောပြီး တဆက်တည်း ကျွန်တော် တွေးမိသည်ကို သူ့အား ပြန်ပြောဖြစ်သည်က ထိုနေရာတွင် သူ့ မိတ်ဆွေသည် လူမျိုးခြားမဟုတ်ဘဲ မြန်မာ တစ်ယောက်ယောက် ဖြစ်မည် ဆိုပါက ထိုသို့သော ဖိတ်ခေါ်မှုကို အတော်ပင် ငြင်းရ ခက်လိမ့်မည် ဖြစ်ကြောင်းနှင့် အကယ်၍ ဇွတ်ငြင်း မိမည် ဆိုပါကလည်း အခန့်မသင့်ပါက ထိုမိတ်ဆွေ၏ ငြိုငြင်မှုကိုပင် ခံရနိုင်စရာ ရှိကြောင်း စသည်တို့ဖြစ်သည်။

အဘယ့်​ကြောင့်နည်း။ ကျွန်တော်တို့ မြန်မာလူမျိုး အများစုတွင် ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှု ရှိခြင်းနှင့် ယဉ်ကျေးမှုရှိခြင်း၊ အပြန်အလှန် လေးစားမှုရှိခြင်း စသည်တို့အား ခွဲခြားရှုမြင်တတ်သော အလေ့အထ အလွန်ပင် နည်းပါးလှသည်ဟု ထင်မြင် ယူဆမိ သောကြောင့် ဖြစ်သည်။ ထိုအထဲတွင် ကျွန်တော် ကိုယ်တိုင်လည်း အပါအဝင်ဖြစ်ခဲ့၊ ယခုအထိလည်း အချို့သော ကိစ္စများတွင် ဖြစ်နေဆဲ ဖြစ်သည်ဟု မိမိကိုယ်ကို နားလည်မိပါသည်။

ထင်ရှားအောင် ဉပမာ တစ်ခုဖြင့် ပြဆိုပါမည်။ ကျွန်တော်တို့ မြန်မာလူမျိုး ယောက်ျားလေး အများစုတွင် ယောက်ျားလေး သဘာဝ သူငယ်ချင်း အပေါင်းအသင်းများဖြင့် သောက်ဝိုင်း၊ စားဝိုင်း ဖွဲ့ကြသည်များ၊ အထိမ်းအမှတ် ပွဲများ၊ အောင်ပွဲ အခမ်းအနားများ တွင် တွေ့ဆုံခြင်း ပြုကြသည်များ စသဖြင့် တစ်ချိန်မဟုတ် တစ်ချိန်၌ ရှိခဲ့ဖူးကြမည်ဖြစ်သည်။ ထိုသို့သော ပွဲများတွင် များသောအားဖြင့် ကြားရလေ့ရှိသော စကားတစ်ခုမှာ သူငယ်ချင်း တစ်ယောက်မှ အခြားတစ်ယောက်အား ပုံမှန်အားဖြင့် “သူငယ်ချင်း တစ်ခွက်လောက် သောက်ပါဉီးလား”ဟု ဖိတ်ခေါ်၍ တစ်ဖက်မှ ငြင်းပယ်သည့် အခါတွင် “သူငယ်ချင်း၊ မင်း ငါ့ကို ခင်ရင် ဒီတစ်ခွက်တော့ သောက်လိုက်” ဆိုသည့် စကားဖြင့် ခြိမ်းခြောက် အကျပ်ကိုင်သည့် သဘောဆန်သော စကားမျိုး ပြောလေ့ ပြောထ ရှိကြခြင်း ဖြစ်သည်။ ထိုအခြေအနေတွင် တစ်ဖက်လူသည် အရက်၊ ဘီယာ စသည့် ယမကာများအား လုံးဝ မသောက်သူလည်း ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် တစ်ခါတစ်လေမှ သောက်သူလည်း ဖြစ်ချင်ဖြစ်မည်၊ သို့တည်းမဟုတ် သူ့ အကန့်အသတ်နှင့် သူ ထိန်းထိန်းသိမ်းသိမ်း သောက်သုံးသူလည်း ဖြစ်ချင်ဖြစ်မည် ဖြစ်သည်။

Culture in Life (Photo Credit to: mcm.uws.edu.au/portfolio/view/50)မည်သို့ပင် ဖြစ်စေ ယဉ်ကျေးမှု အရ မိမိမှ တစ်ဖက်လူကို ဖိတ်ခေါ်သည်ကို တစ်ဖက်မှလည်း ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ပြီးချိန်တွင် ထပ်ဆင့်၍ “ခင်ရင် ဒီတစ်ခွက်တော့ သောက်လိုက်” ဟူသော စကားမျိုး ဆိုသည်မှာ အမှန်စင်စစ် လူနှစ်ဉီး၏ ခင်မင် ရင်းနှီးမှုကို ပြသရန် ရည်ရွယ်သော စကားမဟုတ်ဘဲ တစ်ဖက်သား၏ ဆန္ဒပါသည် ဖြစ်စေ မပါသည် ဖြစ်စေ မိမိဆန္ဒအတိုင်း လိုက်ပါလုပ်ဆောင်စေရန် (တစ်နည်းအားဖြင့် မိမိဆန္ဒကို တစ်ဖက်မှ ဖြည့်ဆည်းပေးရန်) ခင်မင်ရင်းနှီးမှု ဆိုသည့် စကားလုံးကို ခုတုံးလုပ် အကျပ်ကိုင်သော၊ ခြိမ်းခြောက်မှု သဘော သက်ရောက်သော၊ တစ်ဖက်သား၏ ဆန္ဒအား အသိအမှတ် မပြု၊ လေးစားမှု မရှိသော အလွန် မယဉ်ကျေးသည့် အပြုအမူ တစ်ခုသာ ဖြစ်သည်ဟု ကျွန်တော့် ကိုယ်ပိုင် အမြင်အားဖြင့် လက်ခံ ယုံကြည်မိပါသည်။ ထိုသို့သော စကားများနှင့် အလား သဏ္ဍာန်တူသော “ကိုယ့်ကို ချစ်ရင် ဒါလေးတော့ လိုက်လျောပေး၊ ကျွန်မကို ချစ်ရင် ဒါလေးဝယ်ပေး” စသဖြင့် အခြားသော မြန်မာစကား များစွာလည်း ရှိပါသေးသည်။ ထိုသို့သော စကားများ၏ နောက်ကွယ်မှ တစ်ကယ့် အဓိပ္ပါယ် အမှန်များကိုတော့ စာရှုသူများ ကိုယ်တိုင်သာ သုံးသပ် ဆုံးဖြတ်ကြပါဟု တိုက်တွန်းလိုပါသည်။

ထိုသို့ တင်တင်စီးစီး ရှိလှသော မြန်မာ စကားများ အကြောင်း တွေးတောရင်း ပြောဆိုရင်းဖြင့် တစ်ခုသော ကာလက ကျွန်တော်၏ အထက်လူကြီး တစ်ဉီးမှ တင်တင်စီးစီး နိုင်လှသော အများကြိုက် မြန်မာစကား တစ်ခုကို အဖိုးတန်လှသော အလွန် ယဉ်ကျေးမှုရှိသည့် စကားတစ်ခွန်းအဖြစ် ပြောင်းလဲ ပြောဆိုသွားသည် ကို အလျင်အမြန် ပြေးသတိရမိ ပြန်ပါသည်။

အချိန်က သိပ်မကြာသေးသော ၂၀၀၉-၂၀၁၀ ကာလတွင် ဖြစ်သည်။ ထိုကာလက ကျွန်တော် အလုပ်လုပ်နေသော ဌာနတွင်လည်း ဝန်ထမ်းငယ်များနှင့် ပတ်သက်၍ ပြဿနာ အသေးအမွှားလေးများ မကြာခဏ တက်နေသော ကာလ ဖြစ်သည်။ ပြဿနာ အသေးအမွှားဟု ဆိုသော်လည်း မကြာခဏ ဆိုသလို ဖြစ်နေသဖြင့် တစ်ရက်တွင် ဌာန၏ အကြီးအကဲမှ တစ်ဌာနလုံး အစည်းအဝေးလုပ်ကာ နောက်နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ရန် တာဝန်ရှိသူများနှင့် တိုင်ပင်ညှိနှိုင်းခြင်း၊ ပြဿနာ မကြာခဏ ဖြစ်တတ်သူများကို ဆုံးမစကား ပြောကြားခြင်း စသည်တို့အား ပြုလုပ်ပါတော့သည်။

ထိုနေ့က သူပြောသွားသော ဆုံးမစကားမှာ တိုတိုကျဉ်းကျဉ်းသာ ဖြစ်သည်။ သို့သော်လည်း အလွန် အဓိပ္ပါယ် ပြည့်ဝပြီး အလွန်ပင် လူကြီးလူကောင်း ဆန်လှသော စကားဖြစ်သဖြင့် မှတ်စု စာအုပ်တွင် ရေးရန် မလို၊ အလိုလိုပင် ရင်ထဲ အသည်းထဲ အထိ စွဲနစ် ကျန်ရစ် ခဲ့ပါသည်။ သူ ပြောသွားသည်က မြန်မာ စကားများထဲတွင် “သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ” ဆိုသည့် အလွန် တင်တင်စီးစီး နိုင်လှသော စကားတစ်ခု ရှိကြောင်းနှင့် ထိုစကား မည်မျှ တင်စီး သနည်းဟု ဆိုလျင် လူနှစ်ယောက် ဆက်ဆံရေး တစ်ခုရှိရာ တစ်ယောက်က အခြားတစ်ယောက်ကို ” ခင်ဗျား ကျုပ်ကို ကောင်းကောင်း မွန်မွန် အရင် ဆက်ဆံပါ၊ ခင်ဗျား ကောင်းကောင်းမွန်မွန် ဆက်ဆံပြီ ဆိုမှ ကျုပ် မဆိုးဘဲ နေပေး ဉီးမယ်၊ ကျုပ် ခင်ဗျားအပေါ် ပြန်ကောင်းလိမ့်မယ် လို့တော့ အာမ မခံနိုင်သေးဘူး” စသည့် အဓိပ္ပါယ် သက်ရောက်ကြောင်း နှင့် “ခင်ဗျား ဆိုးပြီ ဆိုရင်တော့ ကျုပ်က ခင်ဗျားထက် အဆ ၁၀၀ ပိုဆိုးလိုက်မယ်” ဆိုသည့် အခြား မမြင်နိုင်သည့် အဓိပ္ပါယ်မျိုးလည်း သက်ရောက် နေကြောင်း စသည်တို့နှင့် ရုတ်တရက် ဖတ်ကြည့်လိုက်လျင် ထိုသို့သော စကားမျိုးမှာ ခပ်မိုက်မိုက်နှင့် အများကြိုက် အထာကျ လှသည်မှာ မှန်သော်လည်း အမှန် တစ်ကယ် လူမှု ဆက်ဆံရေး နယ်ပယ်တွင် မည်သို့မျှ အလုပ်မဖြစ်၊ အနှုတ် လက္ခဏာသာ အမြဲဆောင်သော စကားမျိုး ဖြစ်ကြောင်း စသည်တို့ ဖြစ်သည်။

သို့အတွက် သူက ထိုစကားကို အားလုံးအတွက် အဆင်ပြေစိမ့်သောငှာ ပြင်ပြီး ပြောလိုကြောင်း ဆက်ပြောသည်။ မည်သို့ ပြင်ပြောသနည်း ဆိုသော် “ကျွန်ုပ်ကောင်းပါမည်၊ သင်တို့ မဆိုးကြပါနဲ့” ဟူ၏။

Global Culture (Photo Credit: mcm.uws.edu.au/portfolio/view/50)

“ကိုယ်လိုတဲ့ အရာမျိုး သူတစ်ပါးကို အရင်ပေး” ဆိုသော စကားကို လက်ကိုင် ထားသည့် ကျွန်တော့် အတွက်ကား အလွန်ပင် အဓိပ္ပါယ် ပြည့်ဝ၊ ယဉ်ကျေးလှပသည့် စကားမျိုးပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ အထက်တွင် ဆွေးနွေးခဲ့သော တင်တင်စီးစီး နိုင်လှသော မြန်မာ စကားများနှင့် ကွာခြားချင်တိုင်း ကွာခြား လှသည်ကတော့ စာရှုသူ မိတ်ဆွေများပင် ဆုံးဖြတ်ကြဖို့ ဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုသော် ကျွန်တော်တို့ လူနေမှုနယ်ပယ်တွင် ကျွန်တော်တို့ ကိုယ်တိုင်ပင် မသိနားမလည်၍ သော်လည်းကောင်း၊ အများ သူငါ ပြော၊ မိတ်ဆွေ သူငယ်ချင်းများ ပြောနေသဖြင့် ထိုသို့ ပြောသည်က အမှန်ဟု ထင်နေမိတတ်သော အလွန် တင်စီးလှသည့်၊ မယဉ်ကျေးသည့် စကားများ အမှန်ပင် ရှိနေကြပါသည်။ တချိန်က မသိ၍ ပြောခဲ့သည် ဖြစ်စေ၊ သိသိနှင့် ပြောခဲ့သည် ဖြစ်စေ ထိုသို့ တင်တင်စီးစီး နိုင်လှသော စကားများအစား ယဉ်ကျေးလှပသည့်၊ အပြန်အလှန် လေးစားမှု အဓိပ္ပါယ် သက်ရောက်သည့် စကားများအဖြစ် ပြောင်းလဲ ပြောဆို ဆက်ဆံကြခြင်းဖြင့် မိမိအတွက်ရော၊ အများသူငါ အတွက်ပါ ပိုမိုကောင်းမွန်သည့် လူမှု ဆက်ဆံရေးနယ်ပယ် တစ်ခုကို အတူတကွ တည်ထောင်ကြရာ ရောက်ကြောင်း လေးလေးစားစား တင်ပြ ဆွေးနွေး လိုက်ရပါသည်။

ဆက်စပ် အကြောင်းအရာများ -

  1. ရာဇကုမာရ် ကျောက်စာ မှသည် မိုက်ခရို ပရိုဆက်ဆာ ဆီသို့
  2. ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၁)
  3. Unicode and Culture of Myanmar Language
  4. ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၂)
  5. Unicode and Culture of Myanmar Language
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Posted By Mhaw Sayar

Facebook Comments:

Leave a Reply




စာဖတ်သူ မိတ်ဆွေများ