အပင်စိုက်ခြင်း
(က)
ဟုတ်ပြီ
အပင်တွေ စိုက်တယ်
အထင်တွေ စိုက်တယ်၊ အမြင်တွေလည်း စိုက်တယ်
ဘာပြောပြော
အရင်ထက်တော့ မိုက်သွားတာ အမှန်ပဲလေ။
(ခ)
ဒီနေ့မှာ
ကမ္ဘာသိသိ၊ ကမ္ဘာကြည့်ကြည့် ပြီး
ကမ္ဘာထဲမှာနေ၊ ကမ္ဘာထဲမှာ နား
ကမ္ဘာထဲမှာပဲ စားစရာရှိတာ စားပြီးတဲ့နောက်
ကမ္ဘာကြီးနဲ့ အစပ်အဟပ် တည့်မိဖို့တော့ လိုတာပေါ့။
(ဂ)
မထူးခြားပါဘူး
ဒုတ်ထိုး အိုးပေါက်တွေ ပစ်ခွဲ
စစ်ပွဲတိုင်းကို ငါက အနိုင်နွဲလိုတယ် ဆိုရင်လည်း
ကိုယ့် စွန်ကို အမှန်ခြစ်
လေဆန်တိုင်း ပျံမတက်မိဖို့ သတိထားသင့်တယ်။
(ဃ)
ပူရှ်ကင်ကတော့ ပြောဖူးတယ်
“အဲဒီ စစ်ပွဲရဲ့ မိုးကြိုးသွား
ဘာဖြစ်လို့ ဒီလောက်လှပတဲ့ နိုင်ငံငယ်လေးရဲ့
မြို့ရွာတွေ၊ လယ်ကွင်းတွေပေါ်ကိုပဲ ပစ်ချချ နေရတာတုန်းဗျာ” တဲ့
အဲဒီမေးခွန်းအတွက် အဖြေ “ကဗျာ”
ဒီနေ့အထိ ကျုပ် ရှာမတွေ့ခဲ့သေး ပါဘူးဗျာ။

(င)
ဓားစိုက်မလား၊ လှံစိုက်မလား
မလုပ်ကြပါနဲ့ ကိုယ့်လူတို့
ဘုရားမကြိုက်၊ တရားမကြိုက်လို့လည်း မပြောလိုပါဘူး
သို့သော်လည်း
ခါးလိုက်တဲ့ နားတွေ အတွက်
ခါးသွားတဲ့ ဘဝတွေ အတွက် ယဉ်ယဉ်ကျေးကျေးလေး တောင်းပန်ရတာပါ။
(စ)
အဲဒီအတွက်
သုံးသီးစား ညီညွတ်ရေးပဲ ဖြစ်ဖြစ်
သီးထပ်သီးညှပ် ငြိမ်းချမ်းရေးပဲ ဖြစ်ဖြစ်
နွေညီအစ်ကို၊ ဆောင်းညီအစ်မတွေမှာ စိုက်ကြစမ်းပါ
သေချာတာကတော့
ညီအစ်ကိုချင်း ဓားစိုက်၊ လှံစိုက်ထက်
ကမ္ဘာကြီး ပိုပြီး ငြိမ်းချမ်း၊ စိမ်းလန်းခြင်းလမ်းကို ပိုမိုရောက်စေမှာ အမှန်ပါပဲ။
ဆက်စပ် အကြောင်းအရာများ -
Facebook Comments:

(1 votes, average: 4.00 out of 5)
အစ်ကိုရေ ကဗျာလေးကတော့ ရင်ထဲမှာ အတွေးတွေ စိုက်ပျိုးစေပါတယ်၊ ဘာပဲပြောပြော လှတယ်ဗျာ စကားလုံး အသုံးတွေကို သဘောကျတယ် ။
ကျေးဇူးပါ ညီရေ။ ကဗျာကနေ ခံစားမှုတစ်ခုခု ရတယ်ဆိုလို့ ဝမ်းသာမိပါတယ်။