Add Me!Close Menu Navigation

အတွေး၊ အမြင်၊ ခံစားမှု နှင့် မှတ်တမ်းများ

Add Me!Open Categories Menu

၁၂၃-နှစ်ပြည့် ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည်

အိမ်တွင် အဖေနှင့် အမေက စာဖတ် အလွန် ဝါသနာ ပါကြသည်။ သူတို့ အိမ်ထောင်ကျတော့ အများဆုံးနဲ့ အလေးဆုံး ပါလာတဲ့ ပစ္စည်းတွေက စာအုပ် သေတ္တာတွေ ဖြစ်သည်လို့ အမေပြောဖူးသည်။ အထူးသဖြင့် အမေက ပို၍ စာဖတ် ဝါသနာကြီးသည်။ သို့နှင့် သူတို့၏ ငယ်မွေး ခြံပေါက် ဖြစ်သော ကျွန်တော်လည်း အားလပ်ချိန် မှန်သမျှကို စာအုပ်ပုံတွေ ကြားထဲ ကုန်ဆုံးရင်း စာအုပ်တွေနဲ့ မွေ့လျော်တတ်သူ တစ်ယောက် ဖြစ်လာခဲ့သည်မှာ မဆန်းပါ။

စာ မဖတ်တတ်ခင်ကတည်းက ရွှေသွေးဂျာနယ် ရှေ့ချကာ အငိုတိတ်အောင် ချော့မြူခြင်း ခံခဲ့ရသော ကျွန်တော် (၇) တန်းနှစ်ရောက်တော့ လူကသာ လက်တောက်လောက် ရှိမည်၊ စာအုပ်ဆိုလျင် ထူမှ၊ ကြီးမှ ဖတ်ချင်သော စာကြီး ပေကြီး ဖတ်လိုခြင်း ဟူသည့် ရောဂါတစ်မျိုး စွဲကပ်လာသည်။ သို့နှင့် ထုံးစံအတိုင်း အိမ်က စာအုပ်ပုံကြားထဲ မွှေဖြစ်သည်။ အဲသည်မှာ ငယ်ငယ်က ဖတ်နေကြ ရတနာမွန်၊ ဗုဒ္ဓစာပန်းချီ၊ ဗုဒ္ဓဝင် စာအုပ်တွေ အပြင် ထူးထူးခြားခြား စာအုပ်တစ်အုပ်ကို သွားတွေ့သည်။

အဲသည်စာအုပ်က အဲသည်အချိန်က ကျွန်တော့်တွင် စွဲကပ်နေသော ရောဂါနှင့်လည်း ကိုက်ညီနေသည်။ စာအုပ်နာမည်က ‘ပွင့်’ ရေးသူက ‘မလေးလုံ’၊  စာအုပ်အထူက ၂ လက်မခွဲလောက် ရှိပြီး၊ စာအုပ်ဆိုဇ်ကလည်း ပုံမှန် စာအုပ်ဆိုဇ်မျိုး မဟုတ်၊ ဗျက်က ဝတ္ထုစာအုပ် အရွယ်လည်း မက၊ မဂ္ဂဇင်း စာအုပ်ဆိုဇ်လည်း မရှိ ကြားထဲက ဆိုဇ်မျိုး ဖြစ်သည်။ (ဆရာ ကျော်လှိုင်ဉီး ရေးသည့် တစ်ထောင့် တစ်ည ပုံပြင်များ စာအုပ် ဆိုဇ်မျိုး ဟု ထင်မိသည်)

၄င်းစာအုပ်ထဲမှ အကြောင်းအရာများကိုတော့ လက်ရှိတွင် အတိအကျ မမှတ်မိတော့ ။ ဂျပန်ခေတ် စစ်ဖြစ်ချိန် တောရွာများသို့ စစ်ပြေးရသော မြန်မာမိသားစု တစ်ခုအကြောင်း၊ ထိုမိသားစုထဲမှ ပွင့် ဆိုသော သမီး မိန်းကလေး နှင့် တော်လှန်ရေး သမား မြန်မာ စစ်ဗိုလ်လေး တစ်ဉီး၊ စစ်ရှုံးချိန် မြန်မာပြည်မှ ဆုတ်ခွာ ထွက်ပြေးရသော ဂျပန် စစ်ဗိုလ်လေး တို့ အကြောင်း သုံးပွင့်ဆိုင် ဇာတ်လမ်း ဟူ၍သာ အကြမ်းဖျင်း မှတ်မိတော့သည်။

အဓိက ပြောချင်သည်က ထိုစာအုပ်ကို ဖတ်ပြီးသည်မှ စ၍ မလေးလုံ ရေးသည့် အခြား စာအုပ်များကိုလည် ကျွန်တော် အာသာငမ်းငမ်း ဖတ်ချင်လာခြင်း ဖြစ်သည်။ အိမ်တွင် ထပ်ရှာတော့ လည်း မတွေ့တော့။ သို့နှင့် (၇) တန်း စာမေးပွဲ ဖြေပြီးချိန်တွင် အမေ့ကို မလေးလုံ ရေးသော စာအုပ်များ ထပ်ဖတ်ချင်ကြောင်း ပူဆာမိသည်။

U Pe Maung Tin

U Pe Maung Tin

တစ်ပတ်ခန့်နေသော် အမေက စာအုပ်ကြီး ၂-အုပ် ကျွန်တော့် လက်ထဲ ထည့်လာသည်။ စာအုပ်က ‘ပွင့်’ စာအုပ် ဆိုဇ်နှင့် အတူနီးပါး ရှိပြီး မျက်နှာဖုံး တွင် ပိန်ပိန်ပါးပါး ရှိသော်လည်း ခန့်ညားသည့် မျက်နှာထားနှင့် ခင်မင်နှစ်လိုဖွယ် အဖိုးကြီး တစ်ဉီးပုံကို ကောက်ကြောင်း ပန်းချီပုံစံမျိုး ခပ်ကြမ်းကြမ်း ဆွဲထားသည်။ စာအုပ် နာမည်က ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည် ၊ ရေးသူ – မလေးလုံ ပါတဲ့။

ဖေမောင်တင် ဆိုတာ ဘယ်သူလဲ ကျွန်တော် မသိ။ စာအုပ်ထဲမှာရော ဘာ အကြောင်း အရာတွေ ပါလဲ၊ ဘာလဲ ညာလဲ ဟူ၍လည်း အမေ့ကို စာမြည်းမျှ ပင် မမေးမိ။ မလေးလုံ ရေးတဲ့ စာအုပ် ဟူသော အသိတစ်ခုနှင့် ထို စာအုပ် ပထမတွဲ ကို စမိသည်မှစ၍ လက်ကမချတမ်း ဖတ်ဖြစ်တော့သည်။

ထိုနှစ် နွေရာသီ ကုန်ဆုံးချိန် ဘသက်ရှည် စာအုပ် ၂ တွဲလုံးကို ကျွန်တော် အခေါက်ခေါက် အခါခါ ဖတ်ပြီး နေချေပြီ။ ထို့ပြင် ကျွန်တော် တစ်ခါမှ မမြင်ဖူး၊ မသိဖူးလိုက်သည့် ၊ သူ့အကြောင်း ရေးထားသည့် စာအုပ်ကို ကျွန်တော် ဖတ်နေချိန် လူ့လောကတွင် မရှိတော့ပြီ ဖြစ်သည့် ဉီးဖေမောင်တင် ဆိုသော နှစ်လိုဖွယ် လူကြီး တစ်ဉီးနှင့်လည်း စာအုပ်ထဲတွင် အလွန့်အလွန်ပင် ရင်းနှီးနေမိပြီး သူ့ကိုလည်း မသိစိတ်တွင်ရော၊ သိစိတ်တွင်ပါ အလွန်ပင် အားကျနေမိပြီ ဖြစ်သည်။

ထို့အတူ စာရေးသူ မလေးလုံ၏ လက်စွမ်းပြမှုကြောင့် လူကိုယ်တိုင် တစ်ခါမှ မရောက်ဖူးသေးသည့် ဉီးဖေမောင်တင် မွေးဖွားကြီးပြင်းခဲ့ရာ ရန်ကုန်မြို့ အင်းစိန်၊ ပေါက်တောရပ်မှ အစ သူပညာတော်သင် သွားခဲ့ရာ အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် အဆုံး နေရာများကိုလည်း မသိစိတ်ထဲတွင် ကောင်းစွာ ရင်းနှီးကျွမ်းဝင် သလို ခံစားရမိခဲ့ခြင်းမှာ ယနေ့တိုင်ပင် ဖြစ်သည်။

အသက်အရွယ် တစ်ဖြည်းဖြည်း ရလာသည်နှင့် အမျှ ငယ်ငယ်က အထုပ္ပတ္တိ စာအုပ်ထဲတွင်သာ ရင်းနှီး ကျွမ်းဝင်ခဲ့ရသည့် ဆရာကြီး ဉီးဖေမောင်တင်၏ အကြောင်းများကို အခြားစာအုပ် စာပေများမှ တဆင့်ပါ ပိုမို သိရှိလာခဲ့ရသည်။ ဆရာကြီး အကြောင်း ပိုသိလာလေ ဆရာကြီး၏ ကျေးဇူးများ မြန်မာစာပေ၊ သမိုင်းနှင့် ပညာရေး နယ်ပယ်တို့ တွင် မည်မျှ ကြီးမားလှ သည်ကို ပိုမို နားလည် သဘောပေါက်လာလေလေ ပင်ဖြစ်သည်။

The Path of Purity

The Path of Purity by U Pe Maung Tin

မြန်မာလူမျိုး ခရစ်ယာန်ဘာသာဝင် ဖြစ်သူ၊ ငယ်စဉ်မှ စ၍ အတန်းစဉ် ထူးချွန်ဆု ရရှိသူ၊ ဝိသုဒ္ဓိမဂ်ကို ပါဠိဘာသာမှ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုခဲ့သူ၊ အသက် ၂၄-နှစ်တွင် ပါဠိဘာသာ ပါမောက္ခ အဖြစ် စတင် တာဝန် ထမ်းဆောင်သူ၊ မြန်မာ အမျိုးသား ထဲမှ ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် ပထမဉီးဆုံး တာဝန် ထမ်းဆောင် ခဲ့သူ၊ မြန်မာစာ၊ မြန်မာမှု ဆိုင်ရာ စာအုပ်စာတမ်းပေါင်း ၅၀-ကျော်ကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားခဲ့သူ၊ သူငယ်တန်းမှ တက္ကသိုလ်၊ မဟာဘွဲ့ သင်တန်းများ အထိ ကျောင်းများတွင် ပြဌာန်း သင်ကြား၊ လေ့လာနိုင်ရန် အတွက် မြန်မာစာပေဆိုင် ရာ စာအုပ် စာတမ်းပေါင်း မြောက်များစွာကို ကိုယ်တိုင် ရေးသားခြင်း၊ တည်းဖြတ်ခြင်း နှင့် မြေတောင် မြှောက်ပေးခြင်းများ ပြုလုပ်ကာ မြန်မာစာပေ မြင့်မား စေရေး ဆောင်ရွက်ခဲ့သူ၊ မှန်ကန်တိကျသော မြန်မာ့ သမိုင်းကြောင်း စာအုပ်များ ပေါ်ထွက်လာရေး မျိုးစေ့ချ ဆောင်ရွက်ပေးခဲ့သူ၊ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် ဥက္ကဋ္ဌ စသဖြင့် ထူးခြား ပြောင်မြောက် လှသော ဆရာကြီး၏ ဂုဏ်ဒြပ်များကား ကြီးမားလှသည့် ဆရာကြီး၏ ဂုဏ်ကျေးဇူးများ နည်းတူ ရေးဖွဲ့၍ ကုန်နိုင်ဖွယ် မရှိပါ။

လာမည့် ဧပြီလ ၂၄ ရက်နေ့သည် ဆရာကြီး၏ ၁၂၃-နှစ်မြောက် မွေးနေ့ ဖြစ်သည်။ စာပေမြင့်မှ လူမျိုးတင့်မည် ဆိုပါက ဆရာကြီး ဉီးဖေမောင်တင် အနေဖြင့် မြန်မာစာပေအား ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ မြှင့်တင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိန်ကို မြင့်မားအောင် များစွာ ဆောင်ရွက်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ဘသက်ရှည် (သို့မဟုတ်) ဉီးဖေမောင်တင်၏ ကြီးကျယ်လှသော ဂုဏ်ကျေးဇူးများအား ဉီးညွတ်အလေးပြုရင်း မြန်မာ အိုင်အက်စ်ပီ တွင် ဖော်ပြ ထားသော ဆရာကြီး ဉီးဖေမောင်တင်၏ အထုပ္ပတ္တိ အကျဉ်းအား ဆရာကြီး၏ ၁၂၃-နှစ်မြောက် မွေးနေ့ အကြို အဖြစ် ဂုဏ်ပြု ဖော်ပြလိုက် ရပါသည်။

မြန်မာ အမျိုးသားများ ထဲမှ ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပထမ ဦးဆုံး တာဝန် ထမ်းဆောင် ခဲ့သူ ဦးဖေမောင်တင်(၁၂၅၀ – ၁၃၃၄)

မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ သြဂုတ်၊ ၂၀ဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် ‘စာဆိုတော်များ အတ္ထုပ္ပတ္တိ’ က တက္ကသိုလ်တွင် မြန်မာ စာပေ မသင် မနေရ ဖြစ်အောင် ကြိုးပမ်း အားထုတ် ခဲ့ပြီး၊ မြန်မာ အမျိုးသားများ ထဲမှ ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပထမ ဦးဆုံး တာဝန် ထမ်းဆောင် ခဲ့သူ ဦးဖေမောင်တင် (၁၂၅၀ – ၁၃၃၄) အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

မြန်မာ အမျိုးသားများ ထဲမှ ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပထမ ဦးဆုံး တာဝန် ထမ်းဆောင် ခဲ့သူ ဦးဖေမောင်တင် (၁၂၅၀ - ၁၃၃၄)

ဦးဖေမောင်တင် (၁၂၅၀ – ၁၃၃၄)

ကိုလိုနီ ခေတ်တွင် မြန်မာ စာပေကို အထင်အမြင် သေးကြသော တက္ကသိုလ် အာဏာပိုင် တို့အား အတိုက်အခံ ပြု၍ မြန်မာ စာပေကို တက္ကသိုလ်တွင် အဆင့်မီမီ သင်ကြားနိုင်သည့် အခြေအနေသို့ ရောက်အောင် အားထုတ် ကြိုးပမ်း ခဲ့သော ဆရာကြီး ဦးဖေမောင်တင်သည် အင်းစိန်မြို့ ပေါက်တောရပ် ဇာတိ ဖြစ်၍ ၁၂၅၀ ပြည့်နှစ် ကဆုန်လပြည့် (၁၈၈၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်) အင်္ဂါနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ဖွားမြင်သူ ဖြစ်သည်။

အင်းစိန် တိရစ္ဆာန် ဆေးကု ဌာန ရုံးအုပ် စာရေးကြီး ဦးဖေနှင့် ဇနီး ဒေါ်မြိုင် တို့၏ ပဉ္စမမြောက်သား ဖြစ်သည်။ ငယ်မည်မှာ မောင်ဘတင် ဖြစ်ပြီး အစ်ကို ဖြစ်သူ မောင်ဘရင် ကွယ်လွန် သွားပြီးနောက် မောင်တင်ဟု အမည် ပြောင်းသည်။ ဆရာကြီးသည် အင်းစိန် မြန်မာ စာသင်ကျောင်း၌ စတင် ပညာ ဆည်းပူး ပြီးနောက် ၈ နှစ်သားတွင် ရန်ကုန် အစိုးရ ဟိုက်စကူး ကျောင်းသို့ ပြောင်းရွှေ့ ပညာ ဆည်းပူးသည်။ ၇ တန်း စာမေးပွဲတွင် မြန်မာ တနိုင်ငံလုံး၌ ပထမ ရ၍ စကောလားရှစ်ဆု ရသည်။

တဖန် ၁၉၀၅ ခုနှစ်တွင် ၉ တန်း စာမေးပွဲ၌ ပထမရ၍ ရနောင်း ဘုရင်ခံ ချီးမြှင့်သော ရနောင်းဆု ရသည်။ ရန်ကုန် ကောလိပ်တွင် ဆက်လက် ပညာ ဆည်းပူးရာ ဥပစာတန်းတွင် ပထမ ရသည့် အတွက် တရားမင်းကြီးချုပ် ဆာဂျွန် ဂျာဒင်း ချီးမြှင့်သော ဂျာဒင်းဆု ရသည်။ ဝိဇ္ဇာတန်းတွင် ပါဠိဘာသာ ယူပြီး ၁၉၀၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရသည်။ ကာလကတ္တား တက္ကသိုလ်မှ မဟာဝိဇ္ဇာ စာမေးပွဲကို မြန်မာပြည်မှပင် အလွတ် ဝင်ရောက် ဖြေဆိုရာ ၁၉၁၁ ခုနှစ်တွင် ပါဠိဘာသာ မဟာဝိဇ္ဇာဘွဲ့ ရသည်။ ကာလကတ္တား တက္ကသိုလ် တခုလုံးတွင် ဒုတိယ ရလျက် အောင်မြင်ခြင်း ဖြစ်သည်။

ဆရာကြီးသည် မဟာဝိဇ္ဇာဘွဲ့ ရပြီးနောက် ရန်ကုန် ဟိုက်စကူးတွင် ၁၉၁၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၉၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်အထိ အထက်တန်းပြ ဆရာ အဖြစ် ဝင်ရောက် အမှု ထမ်းသည်။ ရန်ကုန် ကောလိပ် ပါဠိ ပါမောက္ခ ဒူရွိုင်ဇယ်သည် ကျောက်စာဝန် အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် သွားသည့် အတွက် ၁၉၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဆရာကြီးသည် ရန်ကုန် ကောလိပ်တွင် ပါဠိ ပါမောက္ခ ဖြစ်လာသည်။ ထိုစဉ်က ဆရာကြီးမှာ အသက် ၂၄ နှစ်သာ ရှိသေးသည်။ ဘားနဒ် ပိဋကတ် တိုက်မှူး တာဝန်၊ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ် အယ်ဒီတာ တာဝန်များ ကိုလည်း ယူရသည်။

၁၉၂၀ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် အိပ်ဇီတာ ကောလိပ်တွင် ဆက်လက် ပညာ ဆည်းပူးသည်။ အမည်တူ ရှိနေ၍ အမည်ရှေ့တွင် ဖခင် အမည် ဦးဖေမှ ‘ဖေ’ ကို ယူပြီး ‘ဖေမောင်တင်’ ဟု အမည်ပြောင်းသည်။ ဆရာကြီးသည် အဋ္ဌသာလိနီ ၂ ကျမ်း နှင့် ဝိသုဒ္စိမဂ် ၃ ကျမ်းကို မူရင်း ပါဠိဘာသာမှ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုသည်။ ထို့ကြောင့် စာပေဝိဇ္ဇာ (ဘီလစ်) ဘွဲ့ ရသည်။

ဆရာကြီးသည် အင်္ဂလန်မှ ပြန်လာ ပြီးနောက် ၁၉၂၄ ခု၊ စက်တင်ဘာလ ၁ ရက်မှ ၁၉၃၆ ခု၊ ဇွန်လ ၁၇ ရက် အထိ ရန်ကုန် တက္ကသိုလ် အရှေ့တိုင်း ဘာသနၩရ ပါမောက္ခ အဖြစ် ဆောင်ရွက်သည်။ ၁၉၂၈ ခုတွင် ဒေါ်ကြည်ကြည်နှင့် လက်ထပ်သည်။ဆရာကြီး အင်္ဂလန်မှ ပြန်ရောက်ချိန်တွင် တက္ကသိုလ် မြန်မာစာ သင်ကြားရေး အခြေအနေသည် အလွန် နိမ့်ကျလျက် ရှိသည်။ မြန်မာစာ ဌာန ဟူ၍ပင် သီးခြား မရှိသေးဘဲ အရှေ့တိုင်း ဌာန အောက်ရှိ ဘာသာရပ် တခု အဖြစ်သာ မြန်မာစာကို သင်ကြား ပေးသည်။ သင်ကြားရာ ၌လည်း ဥပစာ တန်းတွင် မြန်မာ စာစီစာကုံး သင်ကြား ပေးသည့် အဆင့်သာ ရှိသည်။ ကျောင်းသားတိုင်း မယူ မနေရလည်း မဟုတ်။ သင်လိုမှ သင်နိုင်သည်။ မြန်မာစာပြ ဆရာ ဆို၍လည်း ဆရာပွား တဦးသာ ရှိသည်။

ထိုအခြေအနေကို တွေ့မြင် ရသော ဆရာကြီးသည် တက္ကသိုလ် မြန်မာစာ သင်ကြားရေး အဆင့် မြင့်မား လာစေရန် အားသွန် ခွန်စိုက် ဆောင်ရွက် တော့သည်။ အာဏာပိုင် တို့ကို အရေးဆိုကာ မြန်မာ စာစီစာကုံးကို မသင်မနေရ ဖြစ်အောင် ဆောင်ရွက်သည်။ မြန်မာ စာပေကို မသင် မနေရ ဖြစ်အောင် ဆောင်ရွက်သည်။ မြန်မာ စာပေကို ဥပစာတန်း၊ ဝိဇ္ဇာတန်း၊ ဂုဏ်ထူးတန်း တို့မှ မဟာဝိဇ္ဇာတန်း အထိ သင်ယူခွင့် ရအောင် အဆင့်ဆင့် ဆောင်ရွက်သည်။ မြန်မာနိုင်ငံ သုတေသန အသင်း၏ အကူအညီဖြင့် ပျို့၊ မော်ကွန်း၊ ရတု၊ ပြဇာတ်၊ ရာဇဝင် စသော မြန်မာစာကောင်း ပေကောင်း များကို တည်းဖြတ် ပုံနှိပ် ထုတ်ဝေ နိုင်အောင် ကြီးကြပ် ဆောင်ရွက် ပေးရာ စာအုပ်ပေါင်း ၄၆ မျိုး ထုတ်ဝေ နိုင်ခဲ့သည်။ ကိုယ်တိုင်လည်း မြန်မာစာ မြန်မာမှု ဆိုင်ရာ စာတမ်း ၅၀ ကျော်ကို အင်္ဂလိပ် ဘာသာဖြင့် ရေးသား ခဲ့သည်။ ရာဇဝင်ကျော်၊ ပဒေသာ သီချင်း၊ ဒေဝကုမ္ဘာန် ပြဇာတ် (ပုဂံဝန်ထောက် ဦးတင်နှင့် တွဲဖက်လျက်) တို့ကိုလည်း တည်းဖြတ် ပေးသည်။

အင်္ဂလိန်တွင် ရှိစဉ် ၁၉၂၄ ခုနှစ်တွင် လန်ဒန်ရှိ ကမ္ဘာကျော် သဒ္ဒဗေဒ ပါမောက္ခ ဒယ်နီယယ်ဂျုန်း မေတ္တာ ရပ်ခံသည့် အတွက် သဒ္ဒဗေဒ ဝါရင့် ကထိက အမ်းစထရောင်းနှင့် တွဲဖက်၍ ‘မြန်မာ သဒ္ဒဗေဒ ဖတ်စာ’ (A Burmese Phonetic Reader) ကို ပြုစုသည်။ မြန်မာ စကားသံ များကို သဒ္ဒဗေဒ နည်းဖြင့် စနစ်တကျ သုတေသန ပြုခြင်း ဖြစ်သည်။

၁၉၂၈ ခုနှစ်တွင် ဆရာကြီး လုစ်နှင့် တွဲဖက်၍ ‘ပုဂံ ကျောက်စာ ညွန့်ပေါင်း’ ကို ပြုစု ထုတ်ဝေသည်။ ပုဂံ ကျောက်စာ များကို ပုဂံခေတ် စာလုံးပေါင်း အတိုင်း ပုံနှိပ် ထားသည့် အတွက် မူရင်းကျကျ လေ့လာ နိုင်သည်။ ထိုဆရာကြီး နှစ်ဦးပင် မင်ကူး ကျောက်စာ များကို တချပ်ချင်း ဓာတ်ပုံ ရိုက်ပြီး ‘မြန်မာ တိုင်းရင်း ကျောက်စာများ’ (Inscriptions of Burma) ခေါ် ကျောက်စာ ဓာတ်ပုံ စာထုပ်ကြီး ၅ အုပ်ကို ၁၉၃၃ ခုမှ ၁၉၅၆ ခု အတွင်း စီစဉ် ထုတ်ဝေ ခဲ့သည်။ မူလ ကျောက်စာ တိုင်များမှ ဖတ်ရ သကဲ့သို့ စီစဉ်ထားခြင်း ဖြစ်သည့် အတွက် များစွာ အကျိုး ထူးသည်။

ဆရာကြီးသည် ပါဠိ ဖတ်စာ၊ အခြေပြု ပါဠိသဒ္ဒါ၊ မြန်မာဝါကျ ဖွဲ့ထုံးကျမ်း၊ မြန်မာသဒ္ဒါ၊ ကျောင်းသုံး မြန်မာသဒ္ဒါ၊ အလယ်တန်း မြန်မာသဒ္ဒါ၊ မြန်မာသဒ္ဒါနှင့် အသုံးအနှုန်း ဟူသော သဒ္ဒါ ကျမ်းများကို ပြုစုသည်။ ကမ္ဘာ့ ဘာသာ စကားများနှင့် မိတ်ဆက် ပေးသော ဘာသာ လောကကျမ်း ကိုလည်း ပြုစု ထုတ်ဝေသည်။ မြစေတီ မွန်ကျောက်စာ၊ ရွှေစည်းခုံ မွန်ကျောက်စာ၊ ကျန်စစ်သားမင်း၏ နန်းတော် မွန်ကျောက်စာ တို့ကို မြန်မာဘာသာ ပြန်ဆိုသည်။ ယင်းတို့မှာ ဆရာကြီး၏ ဘာသာ စကား ဆိုင်ရာ ဆောင်ရွက်ချက်များ ဖြစ်သည်။

ဆရာကြီးသည် သူငယ်တန်းမှ ပဉ္စမတန်း အထိ ခြင်္သေ့တံဆိပ် မြန်မာ ဖတ်စာများနှင့် မြန်မာ ကြည့်စာ ၃ တွဲ ကိုလည်း ပြုစုခဲ့သည်။ မြန်မာကဗျာ ကောက်နုတ်ချက် တို့ကိုလည်း ရွေးချယ် တည်းဖြတ် ခဲ့သည်။ ကျောင်းသုံး မြန်မာစာ ဆိုင်ရာ ဆောင်ရွက်ချက်များ ဖြစ်သည်။ရှေးခေတ် စာပေ လမ်းကြောင်း အတိုင်း မလိုက်ဘဲ အတွေးသစ်၊ အရေးသစ်ဖြင့် ရေးဖွဲ့သော တက္ကသိုလ်မှ လူငယ်များ၏ ဝတ္ထုတိုများ၊ ကဗျာများကို ခေတ်ကို စမ်းသပ်သည့် အဓိပ္ပာယ်ဖြင့် ‘ခေတ်စမ်း စာပေ’ ဟု အမည် ပေးကာ ခေတ်စမ်း စာပေ လှုပ်ရှားမှုကို ဦးဆောင် ခဲ့သည်။

ခေတ်စမ်း ပုံပြင်များနှင့် ခေတ်စမ်း ကဗျာများကို ဦးဆောင် ထုတ်ဝေ ခဲ့သည်။ မြန်မာ စာပေ သမိုင်း ကျမ်းကိုလည်း ပြုစု ခဲ့သည်။ မှန်နန်း ရာဇဝင် ကိုလည်း ဆရာကြီး လုစ်နှင့် တွဲဖက်၍ အင်္ဂလိပ် ဘာသာ ပြန်သည်။ ဆရာကြီး၏ ဆောင်းပါးများကို စုစည်း၍ ‘မြန်မာ ဝတ္ထု သမိုင်း အစနှင့် သုတေသန စာတမ်းများ’ အမည်ဖြင့် စာအုပ် ထုတ်သည်။ ဆရာကြီး၏ စာပေဆိုင်ရာ ဆောင်ရွက်ချက်များ ဖြစ်သည်။

ဆရာကြီးသည် ၁၉၃၆ ခု၊ ဇွန်လ ၁၈ ရက်နေ့မှ ၁၉၄၁ ခု၊ ဧပြီလ ၂၄ ရက်နေ့ အထိ ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် ဆောင်ရွက်သည်။ ၁၉၄၃ ခု၊ မေလ ၁ ရက်နေ့မှ ၁၉၄၅ ခု၊ ဧပြီလ ၃၀ ရက်နေ့ အထိ ရန်ကုန် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ အသက် ၅၈ နှစ်တွင် အငြိမ်းစား ယူသည်။

ထို့နောက် ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ၊ ဘာသာပြန် စာပေ အသင်း သုခမိန် အဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေးရေး ဌာန အကြံပေး အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် ဥက္ကဋ္ဌ တာဝန် တို့ကို ဆောင်ရွက် ရသည်။ ၁၉၆၄ ခုတွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် ဥက္ကဋ္ဌ အဖြစ်မှ အငြိမ်းစား ယူသည်။ ဆရာကြီးကို ရန်ကုန် တက္ကသိုလ်က ၁၉၅၂ ခုတွင် ဂုဏ်ထူးဆောင် အယ်လ်အယ်လ်ဒီဘွဲ့ ချီးမြှင့်သည်။

ဆရာကြီးသည် ခရစ်ယာန် ဘာသာဝင် တဦး ဖြစ်သည့် အလျောက် ခရစ်ယာန် ဘာသာ၏ အကျိုး အတွက် ဆောင်ရွက်သည့် နည်းတူ ဗုဒ္ဓဘာသာ အကျိုး အတွက်လည်း များစွာ ဆောင်ရွက် ခဲ့သည်။ ၁၉၅၇ ခုမှ ၁၉၅၉ ခု အတွင်း အမေရိကန် ပြည်ထောင်စု ရှီကာဂို ခရစ်ယာန် ဘာသာ ကျမ်းစာ ဌာန၌ ဗုဒ္ဓဘာသာ တရားကို သင်ပြ ပို့ချ ပေးခဲ့သည်။

တပည့်ဟာ ဆရာထက် တော်ရမယ်” ဟူသော စကား၊ “မြန်မာ စာပေသည် ကျေးဇူးတရား သိတတ်မှုနှင့် စတင်သည်” ဟူသော စကား တို့သည် ဆရာကြီး၏ မှတ်သားဖွယ် အဆိုအမိန့်များ ဖြစ်သည်။ ဆရာကြီးသည် အသက် ၈၅ နှစ် အရွယ်၊ ၁၃၃၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် (၁၉၇၃ ခု၊ မတ်လ ၂၂ ရက်) ကြာသပတေးနေ့ နံနက် ၇ နာရီတွင် ကွယ်လွန် အနိစ္စ ရောက်သည်။

U Pe Maung Tin

U Pe Maung Tin

ဆရာကြီး မကွယ်လွန်မီ နောက်ဆုံး ရေးသားချက် အဖြစ် ပြည်မြို့ ရွှေဘုန်းပွင့် စာကြည့်တိုက်နှင့် ပြတိုက် အတွက် မတ်လ ၁၈ ရက်နေ့တွင် အမှတ်တရ ရေးသား ပေးသော စာမှာ “ပုဂံ ရာဇဝင် အကြောင်းကို ပြောလျှင် တုတ်ထမ်းပြီး ပြောရသည်ဟု ဆိုကြ၏။ အငြင်းအခုံ ဖြစ်ပြီး တယောက်နှင့် တယောက် ရိုက်ကြ ပုတ်ကြ တတ်သည်ဟု ဆိုလိုသည်။ ပုဂံထက် နှစ်ပေါင်း များစွာ စောသော သရေခေတ္တရာ ရာဇဝင်ကို ပြောလျှင် ဘာထမ်းပြီး ပြောကြ မည်နည်း။ တုတ်မထမ်းပါနှင့်၊ တူးရွင်း ထမ်းကြပါဟု ပြောချင် ပါသည်။ ရာဇဝင် သမိုင်း ဆိုင်ရာ ရှေးဟောင်း ပစ္စည်းများကို တူးဖော် ကြပါဟု ပြောလို ပါသည် ခင်ဗျား” ဟူ၍ ဖြစ်ပါသည်။ ။

[ကျမ်းကိုး ။ ။

(၁) တိုက်စိုးနှင့် မင်းယုဝေ၊ စာဆိုနှင့် သုတေသီ။ စာ ၁၅၃ - ၁၇၆။
(၂) ဦးဖေမောင်တင်။ မြန်မာ ဝတ္ထု သမိုင်း အစနှင့် သုတေသန စာတမ်းများ။ စာ ၂၂ - ၄၅။
(၃) မလိခ။ မြန်မာ စာပေ အဘိဓာန် (၄)။ စာ ၂၀၅-၂၀၈။
(၄) မင်းယုဝေ။ ပထမ မြန်မာများ။ စာ ၁၁၀ - ၁၂၃။
(၅) မလေးလုံ။ ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည် ပ၊ ဒု။
(၆) သုတေသန စာစဉ် သမိုင်း၊ သုတေသန စာစဉ် စာရင်း၊ သုတေသန စာစဉ် စာတည်းများ။ စာ ၈၄ - ၈၆။ ။]

▪ – ¤ – ▪

ဆက်လက် ဖတ်ရှုရန် လင့်ခ်များ

ဆက်စပ် အကြောင်းအရာမရှိပါ!

1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 5.00 out of 5)
Loading ... Loading ...
Posted By Mhaw Sayar

Facebook Comments:

2 Responses to “၁၂၃-နှစ်ပြည့် ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည်”

  1. herzcthu says:

    အကိုရေ ဆရာကြီးသာ ရှိရင် အခု ယူနီကုတ် လုပ်နေတဲ့ သူတွေကို ဘာပြောမလဲ သိချင်စမ်းလှတယ် ဗျာ။ စာလုံးတွေကို ချန်ချင်တာ ချန် ထည့် ချင်တာထည့် နဲ့ မြန်မာစာကို ဖျက်နေကြတယ် လို့ပြောမှာတော့ သေချာတယ်။

    Thumb up 0 Thumb down 0

    • mhawsayar says:

      အားလုံး ညီညီညွတ်ညွတ်ရှိကြရင် အကောင်းဆုံး ဖြစ်မှာပါပဲဗျာ။ :)

      Thumb up 0 Thumb down 0

Leave a Reply




စာဖတ်သူ မိတ်ဆွေများ